-
Movie Name
-
Blueback (2022)
-
Year
-
2022
-
Generes
-
Drama, Family
-
Code
-
EN2176
-
Type
-
Movie
-
Size
-
1.01 GB
-
Country
-
Hollywood
-
Description
-
တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။