-
Movie Name
-
Samsara (2001)
-
Year
-
2001
-
Generes
-
Drama, Romance
-
Code
-
EN2195
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
Directed By ” Pan Nalin ”
ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။
” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “
ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။
ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။
ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။
ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။
တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။
” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။
” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “
” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “
ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်…