-
Movie Name
-
The Whale (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
EN2201
-
Type
-
Movie
-
Size
-
921 MB
-
Country
-
Hollywood
-
Description
-
~ IMDb – 7.9/10, RT – 65%, Meta – 60% ~
Directed By “Darren Aronofsky”
ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။
“ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး”
ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း… မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။
” မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး “
လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ ” လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး “တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။
လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ ” ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ “ တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။
လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး ” ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် “လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက ” ငါ့သမီးက စာအရေးအသားကောင်းချက် “လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို ” လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် “အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။
ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။