-
Movie Name
-
Of Mice And Men (1992)
-
Year
-
1992
-
Generes
-
Drama
-
Code
-
EN2360
-
Type
-
Movie
-
Size
-
878 MB
-
Country
-
Hollywood
-
Description
-
IMDb – 7.5/10, Rotten Tomatoes – 97%
အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။
ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့…
လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့…
လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။
ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။
ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။