-
Movie Name
-
Unicorn Wars (2022)
-
Year
-
2022
-
Generes
-
Action, Animation
-
Code
-
AN0573
-
Type
-
Movie
-
Size
-
727 MB
-
Country
-
Hollywood
-
Description
-
Unicorn Wars (2022)
~ IMDb – 6.8/10, RT – 83%, Meta – 73% ~
လူတိုင်းကပျော်ချင်တယ်… လွတ်လပ်ချင်တယ်… ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တာတွေကို ရချင်တယ် မဟုတ်လား။ လူတိုင်းမှာ အဲဒီအခွင့်အရေးရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ အခွင့်အရေးကိုရယူနိုင်ဖို့ တပါးသူကို ထိခိုက်စေမယ်ဆိုရင်တော့ အကျည်းတန်တဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။
ဥပမာ – စစ်ပွဲပေါ့…
တရားမျှတမှု၊ ယုံကြည်မှု၊ မျိုးချစ်စိတ် စတဲ့ စတဲ့ခေါင်းစဉ်တွေအောက်မှာ တိုက်ခဲ့တဲ့စစ်ပွဲပေါင်းများစွာ ကို ကျွန်တော်တို့တွေ မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး၊ သိဖူးကြပါတယ်။ ဒါပေမဲ့ ရန်စဆိုတာ ဘယ်ဖက်ကစမွှေးမွှေး နှစ်ဖက်စလုံးကိုတော့ ပူလောင်စေတာအမှန်ပါပဲ။ ဘယ်လိုရည်ရွယ်ချက်ကြောင့်တိုက်တိုက် ဘယ်လိုရလာဒ်ပဲထွက်လာပါစေ စစ်ပွဲကတော့ အကျဥ်းတန်တယ်ဆိုတာကို အားလုံး တညီတညွတ်တည်း လက်ခံကြလိမ့်မယ်ပါတယ်။
စစ်ပွဲဟာ လှပတဲ့ အရာပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်…
တစ်ချိန်က သုခဘုံဖြစ်ခဲ့တဲ့နေရာဟာ မီးလောင်ပြင်တစ်ခုဖြစ်လာနိုင်ပါတယ်…
တစ်ချိန်က လှပရိုးသားခဲ့တဲ့ စိတ်ဓာတ်တွေကို ကြမ်းရင့်ဆိုးယုတ်တဲ့ အဖြစ်ရောက်အောင် ရိုက်ချိုးနိုင်ပါတယ်…
အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်လေးတစ်လုံးကို ပြာပုံဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်…
ဘာလို့များ လှပတဲ့အရာတွေကို အကျည်းတန်အရုပ်ဆိုးစေတဲ့ စစ်ပွဲတွေ ဖြစ်လာကြတာပါလဲ…
ဘာကြောင့်များ လှပတဲ့ တိမ်တိုက်တွေကို မီးခိုးတွေနဲ့ ဖုံးလွမ်းအောင် လုပ်လိုက်ကြတာလဲ…
ကလေးငယ်တစ်ယောက်ရဲ့ ကြည်ကြည်နူးနူးရယ်မောသံတွေကို ဘယ်လိုကြောင့်များ တိုက်ပွဲခေါ်သံတွေနဲ့ အုပ်လွှမ်းလိုက်ကြတာလဲ…
ကျောင်းတက်ခေါင်းလောင်းသံကို ဘာကြောင့်များ စစ်ခရာသံနဲ့ ပြောင်းလဲပစ်ရက်ကြတာလဲ…
ချာလီချက်ပလင်ရဲ့ The Great Dictator ဇာတ်ကားထဲက နောက်ဆုံးမိန့်ခွန်းလိုပဲ…
“လှပတဲ့ ဘဝရဲ့လမ်းကို လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ လမ်းပျောက်နေကြတယ်” တဲ့။ ကျွန်တော်တို့တွေ တကယ်ပဲ လမ်းပျောက်နေပြီလား…
Unicorn Wars ဇာတ်ကားလေးက ၂၀၂၂ ထွက် စပိန်-ပြင်သစ် ပူးပေါင်းတင်ဆက်တဲ့ Animation, War, Drama အမျိုးအစား စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားလေးပါ။ ကာတွန်းဆိုပေမဲ့ ကလေးကြည့်ဖို့မဟုတ်တာတော့ အသေအချာပါပဲ။ အဓိကဇာတ်ကောင်တွေက ချစ်စရာ Teddy Bear တွေနဲ့ ဒဏ္ဍာရီလာ မီးမီးလေးတို့ ချစ်တဲ့ Unicorn တွေဆိုပေမဲ့ War, Drama ဆိုတဲ့အတိုင်း သွေးထွက်သံယိုအခန်းတွေ အများကြီးပါတဲ့အတွက် ကလေးငယ်တွေ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ ထူးကဲပြောင်မြောက်တဲ့ Animation ရုပ်ရှင်တွေကို ဖန်တီးနေတဲ့ Goya ဆုပိုင်ရှင် Alberto Vázquez က ဖန်တီးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဟိုးရှေးရှေးတုန်းကလို့ စပြောရမှာပါပဲ။ မှော်ရုံတောကြီးထဲမှာ Teddy Bear တွေနဲ့ Unicorn တွေနဲ့ အခြားတိရစ္ဆာန်တွေ ငြိမ်းငြိမ်းချမ်းချမ်းနေနေကြတာပေါ့။ တစ်နေ့မှာတော့ အရာအားလုံးကို သိမြင်နိုင်စွမ်းရှိတဲ့ ဗဟုသုတတွေပါတဲ့ စာအုပ်ကို Teddy Bear တွေက ရသွားပြီး အခြားတိရစ္ဆာန်တွေထက် သာလွန်တဲ့ မျိုးစိတ်တွေ ဖြစ်လာပါတယ်။ သူများထက် တိုးတက်နေတဲ့ Teddy Bear တွေက အသိဉာဏ်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ နေထိုင်မှုပုံစံကိုလည်း အဆင့်မြှင့်ဖို့ ကြိုးစားပါတယ်။ သူတို့နေထိုင်တဲ့ မှော်ရုံတောကို သူတို့လိုသလို ဖန်တီးဖို့ ကြိုးစားလာတဲ့အခါမှာ ယူနီကွန်တွေက ဦးဆောင်ပြီး ဆန့်ကျင်တိုက်ထုတ်ကြပါတယ်။
စစ်ပွဲမှာ Teddy Bear တွေ အရေးနိမ့်သွားပြီး မှော်ရုံတောကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး Teddy Bear တွေနဲ့ Unicorn တွေရဲ့ စစ်ပွဲက စတင်လာပါတော့တယ်။ ဇာတ်ကားထဲမှာတော့ မြင့်မြတ်တဲ့ စစ်ပွဲကြီးရဲ့ နောက်ဆုံးတိုက်ပွဲကို တွေ့ရပါလိမ့်မယ်။
“သေဆုံးခြင်းဆိုတာ ဘဝသစ်တစ်ခုရဲ့အစပါ။ ဒါပေမဲ့ သေဆုံးခြင်းဆိုတာ ဘာလဲ။ ငါတို့က ရှင်သန်ခြင်းဆိုတာကိုတောင် ရေရေရာရာသိကြတာမှမဟုတ်တာ”
“ယုံကြည်မှုရှိရမယ်ဆိုတာ အမှန်ကို မျက်ကွယ်ပြုရတာဆိုရင်တော့ လုံးဝအဓိပ္ပါယ်မရှိဘူးဗျာ”
ဒီလို ဒိုင်ယာလော့ လှလှလေးတွေနဲ့ တွေးစရာတွေ အများကြီးပေးနိုင်သလို ရသအစုံအလင်ပေးနိုင်တဲ့၊ ကာတွန်းကားဆိုပြီး ကျော်သွားမိရင် နောင်တရနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပြီး ကလေးများအတွက် မဟုတ်တဲ့ ကာတွန်းကားလေးပါပဲ။