-
Movie Name
-
Ran (1985)
-
Year
-
1985
-
Generes
-
Action, Drama, War
-
Code
-
JP0156
-
Type
-
Movie
-
Size
-
1.21 GB
-
Country
-
Japan
-
Description
-
Ran (1985)
~ IMDb – 8.2/10, Rotten Tomatoes – 96% ~
ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။
Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။
ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။
၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။
Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။
ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ “Rashomon” ကနေ ၁၉၆၅ ရဲ့ “Red Beard” အထိအတွင်းပါပဲ။
ဒီကာလတွေအတွင်းမှာ “The Seven Samurai”, “The Throne of Blood”, “Ikiru”, “The Hidden Fortress”, “High and Low” တို့လို မာစတာပိစ်ကားတွေ သူထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ သူနောက်ဆုံးရိုက်ခဲ့တဲ့ ၁၉၉၃အထိ ၂၈နှစ်အတွင်းမှာတော့ ၆ကားလောက်ပဲ ထွက်နိုင်တော့တယ်။ အဲဒီကာလဟာ သူ့အတွက် အဖြူအမဲနဲ့ ရောင်စုံရုပ်ရှင်အကူးအပြောင်း ကာလလည်း ဟုတ်တယ်။ ၁၉၆၅နောက်ပိုင်းမှာတော့ ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝဟာ အဆင်မပြေလှတော့ပါဘူး။ သူရိုက်ချင်တဲ့ကားတွေအတွက် ဘတ်ဂျက်ရှာကြည့်ပေမဲ့ ဂျပန်ကလူတွေက သူ့ကိုမပေးကြသလို နိုင်ငံခြားဘတ်ဂျက်ရှာပြီး ရိုက်တဲ့အခါမှာလည်း ပြည်တွင်းက မကျေနပ်ချက်တွေကို ခံခဲ့ရပြန်တာပါပဲ။ ၁၉၇၅မှာ သူ ကင်းလီယာကို ဆာမူရိုင်းကားအနေနဲ့ ပြန်ရိုက်ချင်တယ်လို့ ကြေညာခဲ့ပေမဲ့ ရန်ပုံငွေမရခဲ့ပါဘူး။ ၁၉၈၃ ကျမှ ပြင်သစ်ပရိုဂျူဆာက ငွေထုတ်ပေးလို့ ရိုက်နိုင်ခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်၇၅ရှိနေပြီဖြစ်သလို သူ့မျက်လုံးကလည်း မကောင်းတော့ပါဘူး သတ်သေဖို့တောင် ကြိုးစားပါသေးတယ်။ Ran ကို သူ့နောက်ဆုံးရုပ်ရှင်အဖြစ်လည်း ကြေညာခဲ့သေးပါတယ်။ သူ့မိန်းမဟာလည်း ရုပ်ရှင်ရိုက်နေတုန်း သေသွားသလို သူ့နဲ့တွဲလုပ်နေကျ အသံဖမ်းအင်ဂျင်နီယာကလည်း ရုပ်ရှင်ပြီးလုဆဲဆဲမှာ သေသွားပါတယ်။ ဒါကြောင့်မို့ပဲ Ran မှာ ကူရိုဆာဝါရဲ့ အကြောင်းကိုပါ တွေ့နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ Ran ဟာ လောကကြီးရဲ့ ရက်စက်မှုတွေကို ခါးစည်းခံနေရတဲ့ လောကကြီးထဲ ပြန်မလာချင်လောက်တော့တဲ့ လူအိုကြီးတစ်ယောက်အကြောင်းဆိုလည်း မမှားပါဘူး။ အဲဒီလူအိုကြီးဟာ ကင်းလီယာဖြစ်သလို ဟိဒဲတိုရဖြစ်သလို အဲဒီလူအိုကြီးဟာာ ကူရိုဆာဝါလည်း ဟုတ်ပါတယ်။
ကူရိုဆာဝါဟာ ဒီရုပ်ရှင်အတွက် ဆယ်စုနှစ်နဲ့ချီပြီး အားစိုက်ထုတ်ခဲ့ရတာနဲ့အညီပဲ Ran ဟာ တော်တော်လေးခမ်းနားခဲ့သလို မာစတာပိစ်ရုပ်ရှင်တစ်ကားလည်းဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာ ကူရိုဆာဝါကို သူ့ရုပ်ရှင်တွေထဲ သူ့အကြိုက်ဆုံးရုပ်ရှင်က ဘာကားလဲမေးတိုင်း ကူရိုဆာဝါက နောက်ရိုက်မယ့်ကားပေါ့လို့ ဖြေတတ်ပေမဲ့ Ran ကို ရိုက်ပြီးတဲ့နောက် ကူရိုဆာဝါဟာ သေတဲ့အထိ ဒီမေးခွန်းမေးတိုင်း Ran လို့ပဲ ဖြေတော့တဲ့အထိ သူ့ကိုယ်သူလည်း အားရခဲ့ပုံပါပဲ။ ခေတ်အဆက်ဆက်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေရဲ့ စာရင်းထဲလည်းဝင်ခဲ့ပါတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ်တွေကို သုံးကားယူသုံးခဲ့ရာမှာ အဲဒီသုံးကားလုံးနီးပါး အဲဒီဇာတ်တွေကိုရိုက်တဲ့ထဲ အကောင်းဆုံးကားတွေဖြစ်ခဲ့ကြပါတယ်။ Ran ကတော့ ဒီထဲကမှ အကောင်းဆုံးကားလို့ ပြောရင်လည်းရပါတယ်။ ဒီကားကိုမကြည့်ခင် မင်းသုဝဏ် ဘာသာပြန်ထားတဲ့ ကင်းလီယာစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ Ran က အကျိုးအကြောင်းပိုပြည့်စုံတယ်လို့လည်း ခံစားရပါတယ်။ ကူရိုဆာဝါဟာ ရုပ်ရှင်လောကရဲ့ ဗင်းဆင့်ဗန်ဂိုးလိုပါပဲ။ ကူရိုဆာဝါဟာ သူ့ဘက်မရှိခဲ့တဲ့ လောကကြီးအတွက် အခမ်းအနားဆုံး အနုပညာတွေချန်သွားပေးခဲ့တဲ့ သူပါပဲ။