-
Movie Name
-
My Dinner With Andre (1981)
-
Year
-
1981
-
Generes
-
Comedy, Drama
-
Code
-
EN2583
-
Type
-
Movie
-
Size
-
945 MB
-
Country
-
Hollywood
-
Description
-
My Dinner with Andre (1981)
~ IMDb – 7.7/10, Rotten Tomatoes – 92% ~
ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။
ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်…
အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။
ဒါရိုက်တာက Louis Malle… 1950 ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောကအကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။
ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။
စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။
သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ…
ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ…
စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ…
ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။
အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။
လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ…
လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်ရင်းပဲ သေဆုံးသွားရမှာလား…
ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။
ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။
အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။
စကားလေးတွေပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။
ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ “သားကြီးမင်းမှားမယ်နော်” လို့ပဲ ပြောချင်ပါတယ်။
ဒီဇာတ်ကားက ကြည့်နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။
အနုပညာဆိုတာ ဒါပါပဲ…
ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။
ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။