Movie Name
Motherhood (2022)
Year
2022
Generes
Drama
Code
JP0168
Type
Movie
Size
576 MB
Country
Japan
Description
Motherhood (2022) “အမှောင်ထဲမှာ ကျွန်မရဲ့လက်တွေကို ဆုပ်ကိုင်ပေးထားတာ အမေရယ်ပါလို့ကျွန်မတွေးနေမိတာ…. ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာပါလိမ့်နော်” (ဆာယာခါ) “ကျွန်မသူ့ကို အကြင်နာတွေ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပျိုးထောင်လာခဲ့တာ သူသတ်သေတယ်ဆိုတာမဖြစ်နိုင်ဘူး” (စုယုကိ) “ပင်ကိုဓာတ်ခံ အမျိုးသမီးတစ်ယောက်ရဲ့ဗီဇလို့သတ်မှတ်နေကြပေမဲ့ ‘မိခင်မေတ္တာ’ဆိုတာ ကျွန်မတို့မှာ မွေးကတည်းကပါလာတဲ့အရာမှမဟုတ်တာ” လောကကြီးမှာ ရင်နာစရာအကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ ကိုယ့်ကိုမုန်းတီးနေတဲ့လူဆီက ချစ်ခြင်းမေတ္တာကိုမှ တမ်းတမိနေခြင်းပါပဲ။ ဒါပေမဲ့ ဝဋ်ကြွေးလို့ပဲဆိုရမလား မရနိုင်မှန်းသိနေတဲ့အရာကိုမှတမ်းတတတ်တဲ့ညဉ်ဆိုးပါလာတာလား မပြောတတ်ပေမဲ့ လူတော်တော်များများကတော့ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ကိုမဝံ့ရဲတတ်ကြပါဘူး။ ဒီMotherhoodဆိုတဲ့ရုပ်ရှင်လေးမှာလည်း သမီးဖြစ်သူကိုမချစ်နိုင်တဲ့အမေ၊ ကိုယ့်ကိုမချစ်မှန်းသိသိကြီးနဲ့ အမေဖြစ်သူရဲ့ချစ်ခြင်းမေတ္တာကိုမှ တမ်းတနေတဲ့သမီးဖြစ်သူတို့နှစ်‌ယောက်ရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပြထားတာပါ။ စုယုကိဟာ အမေကိုသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက် အမေက ၁ ဆို ၂ မလုပ်တတ်တဲ့ အမေ့စကားဆိုရင် မြေဝယ်မျကနားထောင်တတ်တဲ့သူလေးပေါ့။ စုယုကိကတော့ တာဒိုကိုရိုကိုသဘောမကျပေမဲ့ အမေဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်နဲ့မလိုက်ဖက်မှန်းသိသိကြီးနဲ့ ဘေးလူတွေကလည်းတားဆီးနေပါရက်နဲ့ ဇွတ်လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ တာဒိုကိုရိုတို့မိသားစုက တော်တော်လေးမွန်းကြပ်စရာကောင်းတဲ့မိသားစုဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူတာဒိုကိုရိုဟာ စုယုကိကိုကြင်နာဖေးမရကောင်းမှန်းမသိပါဘူး။ ဒါပေမဲ့ စုယုကိကတော့ အမေ့မျက်နှာတစ်ကမ္ဘာနဲ့ ပျော်ရွှင်နေဆဲပါပဲ။ ဒီလိုနဲ့ စုယုကိတစ်ယောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ သူကိုယ်တိုင်မိခင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။ တာဒိုကိုရိုနဲ့ အချစ်တွေ သံယောဇဉ်တွေမပါဘဲ ဝတ္တရားသက်သက် တည်ဆောက်ထားတဲ့ ဒီအိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆာယာခါလေးကို စုယုကိတစ်ယောက် ဘယ်လိုမှမေတ္တာမပေးနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မီးလောင်မှုဖြစ်ပြီးတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရချိန်မှာတော့ စုယုကိနဲ့ဆာယာခါကြားမှာ လုံးဝကိုအစိမ်းသက်သက်ဖြစ်သွားပါတော့တယ်။ နဂိုထဲကမကြင်နာတဲ့စုယုကိဟာ အဘွားဆုံးသွားမှ ရန်သူတစ်ယောက်လိုဆက်ဆံလာတာကို ဆာယာခါနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့။ အေးတိအေးစက် အဖေ မကြင်နာတဲ့အမေ နှုတ်နဲ့တစ်မျိုး အမူအရာနဲ့တစ်မျိုး နှိပ်စက်တတ်တဲ့အဖေ့ရဲ့မိသားစုတွေကြားမှာ အထီးကျန်မှုတွေကို ရင်ဝယ်ပိုက်ထားတဲ့ ဆာယာခါတစ်ယောက် လမ်းဆုံးကိုရွေးသွားတဲ့အခါမှာတော့… အဘွားဆုံးသွားမှ စုယုကိကသမီးဖြစ်သူကို ဘာလို့ပိုပြီးအေးစက်လာတာလဲ။ စုယုကိနဲ့ဆာယာခါရဲ့ပြဿနာက ဘယ်ကနေစမှားသွားတာလဲ။ လူတွေပါးစပ်ဖျားကနေ လွယ်လွယ်ပြောတတ်တဲ့ မိခင်မေတ္တာ မိခင်စိတ်ဆိုတဲ့အရာက ထင်သလောက်ရိုးရှင်းသလားဆိုတာကို သရုပ်ဖော်ထားတဲ့ဒီရုပ်ရှင်လေးကို စုယုကိနဲ့ဆာယာခါတို့ရဲ့ မတူညီတဲ့ရှုထောင့်ပုံစံနဲ့ ကြည့်ရှုခံစားရင်း ကိုယ်တိုင်ပဲအဖြေရှာလိုက်ရအောင်ပါ။