-
Movie Name
-
The Majestic (2001)
-
Year
-
2001
-
Generes
-
Drama, Romance
-
Code
-
EN3088
-
Type
-
Movie
-
Size
-
1.19 GB
-
Country
-
Hollywood
-
Description
-
The Majestic (2001)
~ IMDb – 6.9/10, Rotten Tomatoes – 42% ~
ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ “ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်” လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။
ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်သူကမှ မထိန်းချုပ်နိုင်ဘဲကိုး။ ဒီရုပ်ရှင်ထဲမှာ ဒီအကြောင်းလေးလည်းပါလာပါသေးတယ်။
ရုပ်ရှင်အကြောင်းကတော့ ရုပ်ရှင်အကြောင်းပဲ။ ဒီရုပ်ရှင်အတွက် အမေရိကန်နိုင်ငံရဲ့ ၂၀ ရာစုအလယ် ရုပ်ရှင်လောကအခြေအနေလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံမှာ Red Channel ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့တာဝန်ကတော့ ရေဒီယိုနဲ့ တီဗီလောကမှာ ကွန်မြူနစ်နဲ့ လက်ဝဲဝါဒ လွှမ်းမိုးမှုမရှိစေရေးပေါ့။ သူတို့က အဲဒီလိုအယူအဆရှိတဲ့အနုပညာရှင်တွေကို နာမည်ပျက်စာရင်းသွင်းတယ်။ အဲဒီလိုအသွင်းခံရတဲ့လူတွေက အနုပညာလုပ်ခွင့်မရှိတော့ဘူး။ ရပ်တည်ခွင့်တောင်ရဖို့ ခပ်ရှားရှားပဲ။ အဆိုးဆုံးအနေနဲ့ဆိုရင်ထောင်ပါကျကြတာရှိတယ်။ အဲဒီလိုတောင် အမေရိကန်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ကြမ်းခဲ့တာပေါ့။
ရုပ်ရှင်ဘက်ပြန်သွားရမယ်ဆိုရင်…
ပီတာ (Jim Carrey) က တက်သစ်စ ဇာတ်ညွှန်းရေးဆရာ။ တစ်နေ့ကျတော့ မထင်မှတ်ဘဲ အစောကပြောခဲ့တဲ့ Red Channel ကနေ ကွန်မြူနစ်ပါလို့ စွပ်စွဲတာခံရပါလေရော။ အကြောင်းကတော့ ကောလိပ်တုန်းက လက်ဝဲကလပ်တစ်ခုရဲ့ အစည်းအဝေးတက်ခဲ့လို့တဲ့ (ဘာကြောင့်တက်ခဲ့တာလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့)။ အဲဒါကြောင့် သူကစိတ်ညစ်ပြီး မူးမူးရူးရူးနဲ့ ကားမောင်းတုန်း မြစ်ထဲကျသွားတယ်။ သူလည်းအတိတ်မေ့ပြီး လော်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာကမ်းတင်သွားခဲ့တယ်။
လူ့လောကဆိုတာ တိုက်ဆိုင်မှုအက်တမ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒြပ်ထုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ကို ဘဝလမ်းမကြီးပေါ် မောင်းနှင်ပေးတာ။ တိုက်ဆိုင်စွာနဲ့ ပီတာကလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ လုခ်ဆိုတဲ့ လူတစ်ယောက်နေထိုင်ခဲ့တဲ့ မြို့လေးကိုရောက်သွားတယ်။ ထပ်တိုက်ဆိုင်လိုက်ပုံများ သူကပါအတိတ်မေ့နေလေတော့ မြို့ခံတွေကလည်း သူ့ကို လုခ် လို့ထင်ကြတာပေါ့။ လုခ်ကလည်း ပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုရှိပြီဆိုတော့ အတိတ်မေ့သွားတာဖြစ်နိုင်ကောင်းပါရဲ့။ ဒီလိုနဲ့ သူဟာ မသက်ဆိုင်တဲ့ထီးနန်းကို အပိုင်စားရတဲ့အိမ်ရှေ့စံတစ်ပါးဖြစ်လာတယ်။
The Majestic ဆိုတာ အဲဒီမြို့လေးရဲ့ ရုပ်ရှင်ရုံတစ်ခုပေါ့။ ဒီရုပ်ရှင်ကိုစကြည့်လိုက်တာနဲ့ အဲဒါကိုခန့်မှန်းမိပြီးသားဖြစ်မယ်ထင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဇာတ်လမ်းဟာ Majestic မှာ မတည်ဘူး။
တစ်ချိန်က ခမ်းနားဖူးတဲ့နန်းတော်ဟာ အခုတော့ ခြေကုန်လက်ပမ်းကျလို့။ ပီတာက မြို့ခံတွေဝတ်ပေးတဲ့ လုခ်ဝတ်ရုံကိုဆင်မြန်းရင်း ပုလ္လင်ထက်မှာ စံမြန်းတယ်။ ဒါပေမဲ့ မထိုက်သူဟာ မျက်ရည်တွေနဲ့ ဒူးထောက်ရတတ်စမြဲပဲမဟုတ်လား။ ထိုက်သူ မထိုက်သူဆိုတာကို ကံကပဲဆုံးဖြတ်တယ်။ ကံဟာ ကမ္မ အလုပ်။ အဆုံးသတ်တော့ ကိုယ်နဲ့ပဲဆိုင်တာပေါ့။ ဒီလိုနဲ့ ပီတာဟာ စုန်ချည်ဆန်ချည်နဲ့ ဘယ်ကမ်းမှာ သောင်တင်မလဲဆိုတာကို ရသပေါင်းစုံနဲ့ကြည့်ရှုရမှာပါ။
Cast တွေကလည်း ပစ်ရက်စရာမရှိတဲ့အပြင် ဒါရိုက်တာကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့သူဆိုတော့ ရင်းနှီးနေသလို ခံစားချက်လေးတစ်ခုရပါလိမ့်မယ်။ ထူးထူးဆန်းဆန်းဆုအနေနဲ့ Location နဲ့ပတ်သက်တဲ့ဆုလေးတစ်ခုလည်း ရထားတာကြောင့် ကြည့်ဖြစ်ခဲ့ရင် ရုပ်ရှင်ရိုက်ကွက်တွေအပြင် ရှုခင်းလေးတွေကိုပါ ခံစားကြည့်ဖို့အကြံပေးချင်ပါတယ်။