Movie Name
Three Kings (1999)
Year
1999
Generes
Action, Comedy
Code
EN3236
Type
Movie
Size
1.04 GB
Country
Hollywood
Description
IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။