-
Movie Name
-
The Hound Of The Baskervilles - Sherlock The Movie (2022)
-
Year
-
2022
-
Generes
-
Crime, Drama
-
Code
-
JP0181
-
Type
-
Movie
-
Size
-
999 MB
-
Country
-
Japan
-
Description
-
The Hound of Baskervilles: Sherlock the Movie (2022)
~ IMDb – 6.2/10, MyDramaList – 7.7/10 ~
အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။
မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။
The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့…
The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။
၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။
The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။
ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။
{တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။}