-
Movie Name
-
Priscilla (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
EN3690
-
Type
-
Movie
-
Size
-
805 MB
-
Country
-
Hollywood
-
Description
-
Priscilla (2023)
~ IMDb - 7/10, RT - 82%, Meta - 78% ~
ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24က ဖြန့်ဝေပေးထားပါတယ်။
၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က "Elvis and Me" ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။
ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi... သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny... သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။
ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ "Lost in Translation" နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေတော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်မတူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။