-
Movie Name
-
There Was A Father (1942)
-
Year
-
1942
-
Generes
-
Drama
-
Code
-
JP0212
-
Type
-
Movie
-
Size
-
628 MB
-
Country
-
Japan
-
Description
-
There Was a Father (1942)
~ IMDb – 7.6/10, Rotten Tomatoes – 100% ~
There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။
အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။