Movie Name
Good Morning (1959)
Year
1959
Generes
Comedy, Drama
Code
JP0231
Type
Movie
Size
1.25 GB
Country
Japan
Description
အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ရယ်လို့ ပြောရမယ်။ တတမိဖျာရိုက်ချက်ကတော့ ဇာတ်ကောင်တွေကို ကျွန်တော်တို့က သူ့ရှေ့က တတမိဖျာပေါ်ထိုင်ရင်း မြင်နေရသလိုဖြစ်နေတဲ့ အပြမျိုးပေါ့။ မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ကတော့ အိုဇုဟာ သူ့ဇာတ်လမ်းရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို လုပ်ပေးနိုင်တဲ့ဇာတ်ဝင်ခန်းကို လုံးဝမပြဘဲ ပရိသတ်ကို သူ့ဘာသာပုံဖော်နိုင်အောင် စကားအရိပ်အမြွက်နဲ့ပဲ ပြတာမျိုးပဲ။ နောက်ပိုင်းဒါရိုက်တာတွေလည်း ဒီအကွက်ကို တော်တော်တော့ သုံးခဲ့ကြတယ်။ အိုဇုနဲ့အဆင်ဆုံးပုံစံကိုတော့ Korredaရိုက်ခဲ့တဲ့ Still Walkingမှာ တွေ့နိုင်တယ်။ အိုဇုဟာ သူ့သက်တမ်းတစ်လျှောက်မှာ နှောင်းလူတွေ ပြောစမှတ်ပြုရမယ့် ကားပေါင်းများစွာ ချန်ခဲ့တယ်။ တိုကျိုစတိုရီဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်တွေထဲ နံပါတ်သုံးချိတ်ခဲ့သလို အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့တယ်။ ဒုတိယကတော့ အကီရာကူရိုဆာဝါရဲ့ ဆဲဗင်းဆာမူရိုင်းပါပဲ။ နာမည်ကျော် The Criterion Collectionကလည်း သူ့ကားပေါင်းများစွာကို ပြန်ထုတ်ပေးခဲ့တယ်။ Good Morningကတော့ အဲဒီကားတွေထဲက တစ်ကားပေါ့။ Good Morningဟာ အိုဇု ၁၉၃၂တုန်းက ရိုက်ခဲ့ဖူးတဲ့ အသံတိတ်ရုပ်ရှင် I Was Born, Butကို သူကိုယ်တိုင် ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ အရောင်နဲ့ရိုက်တဲ့ သူ့ရဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အဓိကအားဖြင်တော့ မီနိုရုနဲ့ အစ်ဆုမိဆိုတဲ့ ကလေးနှစ်ယောက်နဲ့ သူ့မိသားစုကို တည်ထားတယ်။နောက် သူ့ဘေးက အဝိုင်းအဝန်းထဲက သူ့အိမ်နီးချင်းတွေတစ်ဖြစ်လည်း သူတို့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေရဲ့မိသားစုတွေကိုလည်း ပေါ်လွင်အောင် ပုံဖော်ပြထားတယ်။ သူတို့ ငယ်ဘဝကို သေချာပုံဖော်ပြဖို့ဆို သူတို့အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို မပါမဖြစ်လိုသကိုး။ နောက် အဲဒီကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန် အတွေးအခေါ်တွေ လုပ်ရပ်တွေ စိတ်ကူးစိတ်သန်းတွေ, အဲဒီအရာတွေကို သူတို့မိဘတွေ ကိုင်တွယ်ဖြေရှင်းရပုံတွေကိုပြထားတယ်။ ဇာတ်ကတော့ ဒီလိုရိုးရိုးလေးပဲ။ ဒါပေမဲ့လည်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ၃၀လောက်ရှိမယ့် ခုနလူတွေအားလုံးရဲ့ စရိုက်တွေ ဘဝတွေကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဒီဇာတ်ဟာ ဘာမှတော့ ပေးနိုင်မယ့် ဇာတ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်အားထက်ငိုအားသန်အဖြစ်တွေ နွေးထွေးမှုတွေတော့ မြင်ရလိမ့်မယ်။ Korreda ရဲ့ I Wish လို Reply 1988လို အခက်အခဲတွေကြားက နွေးထွေးခြင်းတွေကို မြင်ရမယ့်ဇာတ်ပါပဲ။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် အိုဇုဆန်တဲ့ အိုဇုရုပ်ရှင်တစ်ကားပါပဲ။ ဒါတော့မပြောလည်းသိမှာပါ။ အိုဇုမဆန်တဲ့ အိုဇုရုပ်ရှင်ဆိုတာမှ မရှိခဲ့ဘူးကိုး။