Movie Name
Rhapsody In August (1991)
Year
1991
Generes
Drama, War
Code
JP0257
Type
Movie
Size
933 MB
Country
Japan
Description
Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။