-
Movie Name
-
The Eternal Zero (2013)
-
Year
-
2013
-
Generes
-
War
-
Code
-
03066
-
Type
-
Movie
-
Size
-
955 MB
-
Country
-
Hollywood
-
Description
-
The Eternal Zero (Eien no Zero) ဟာ ဒါရိုက်တာ Yamazaki Takashi ရိုက်ကူးပြီး၊ ၂၀၁၃ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ဂျပန် စစ်-ဒရာမာ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Hyakuta Naoki ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ စစ်ကြီးပြီးခါနီးမှာ မဟာမိတ်သဘောၤတွေဆီ စစ်လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တဲ့ ခါမိခါဇဲ (Kamikaze) တိုက်ခိုက်မှုအကြောင်းကို အဓိကထားပြီး၊ ဇာတ်လမ်းဆင်ထားပါတယ်။
ဇာတ်လမ်းစအဖွင့်မှာတော့ ၂၀၀၄ခုနှစ် ဂျပန်မှာ အသက်၂၆နှစ်အရွယ် Oishi Kentaro ဆိုတဲ့ လူငယ်ဟာ နိုင်ငံတော်အဆင့်ဥပဒေစာမေးပွဲကို အကြိမ်ကြိမ်ကျရှုံးပြီးနောက် စိတ်ဓာတ်ကျပြီး၊ အနာဂတ်မရေမရာ ဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဘွားဖြစ်သူ Matsuno ဆုံးပါးသွားပြီးနောက် အသုဘမှာ Kentaroတစ်ယောက် သူတို့ရဲ့အဖိုးဖြစ်သူ Kenichiro ဟာ သွေးသားတော်စပ်တဲ့အဖိုးအရင်းမဟုတ်ကြောင်း သိလိုက်ရပါတယ်။ အဖိုးအရင်းဖြစ်သူ Miyabe Kyuzo ဟာ စစ်ကြီးမှာ ခါမိခါဇဲလေယာဉ်မှုးတစ်ယောက်အဖြစ် သေဆုံးသွားခဲ့ပြီး ဆိုတာ သိလိုက်ရတော့ Kentaroနဲ့ အစ်မဖြစ်သူKeikoတို့ဟာ Miyabe ရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေဆီ လှည့်လည်ပြီး၊ အဖိုးအရင်းဖြစ်သူအကြောင်းကို ပိုပြီးသိရအောင် မေးမြန်းကြပါတယ်။ ဒါပေမယ့် သူတို့ကြားသိရတာကတော့ စိတ်မချမ်းမြေ့ဖွယ်ရာပါပဲ။ လေယာဉ်မှူးစစ်သားဟောင်းအဖိုးကြီးအများစုဟာ Miyabe ကို ငကြောက်၊ ထွက်ပြေးတဲ့သူလို့ စွပ်စွဲကြပြီး၊ လက်ရွေးစင်လေယာဉ်မှုးတွေထဲမှာမှ အတော်ဆုံးဖြစ်ပေမယ့် Miyabe ဟာ ရန်သူနဲ့ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်တိုင်းမှာ သူ့ရဲ့ ဇီးရီုးတိုက်လေယာဉ်ကို ဘေးကင်းရာဆီ တိမ်းရှောင်သွားလေ့ရှိတယ်လို့ ပြောပြကြပါတယ်။ လူတိုင်းလိုလိုက ဒီလိုပြောကြတော့ Kentaro ဟာ စိတ်ညစ်လာပြီး၊ မေးချင်စိတ်ကုန်လာပေမယ့် Keiko ကတော့ သူ့ကိုအတင်းဆွဲခေါ်သွားပါတယ်။ တစ်ကြိမ်မှာတော့ Miyabe နဲ့ တပ်ခွဲတစ်ခုတည်း ကျခဲ့ဖူးပြီး၊ ယခုချိန်မှာတော့ ယာကူဇာဂိုဏ်းသူဌေးကြီးဖြစ်နေတဲ့ Kageura ကတော့ သူတို့ပြောသလိုသာ Miyabe က ငကြောက်ဆိုရင် ဘာဖြစ်လို့ ခါမိခါဇဲတစ်ယောက်ဖြစ်လာမှာလဲ ဆိုပြီး ဟောက်လွှတ်လိုက်ပါတယ်။
ကင်ဆာရောဂါနဲ့ဆေးရုံတက်နေရတဲ့ Izaki အမည်ရ အဖိုးကြီးနဲ့ တွေ့တဲ့အခါမှာတော့ တမူကွဲပြားတဲ့ အမြင်ကိုစတင်ကြားကြရပါတော့တယ်။ Miyabeရဲ့အရည်အချင်းကို လေးစားသလို သူ့ရဲ့လက်အောက်မှာ အနီးကပ်တိုက်ပွဲဝင်ဖူးတဲ့ Izakiရဲ့ပြောပြချက်အရ Miyabeဟာ သူ့အသက်ဘေးကင်းဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားတတ်သလို သူ့လက်အောက်ကတပ်ခွဲဝင်တွေကိုလည်း တိုက်ပွဲကနေ ဘေးကင်းရာမှာ အမြဲနေခိုင်းလေ့ရှိပါတယ်။ သူ့ရဲ့လက်သုံးစကားအရတော့ သူတစ်ယောက်တည်းရဲ့အသက်က စစ်ပွဲအဖြေကိုမပြောင်းလဲစေနိုင်တဲ့အတွက် မလိုအပ်ပဲသေဖို့မလိုဘူးလို့ ယူဆတာပဲဖြစ်ပါတယ်။စစ်ပွဲမှာတိုက်ခိုက်ရင်းသေဆုံးခြင်းသည်သာအမွန်မြတ်ဆုံးလို့ လူတိုင်းယူဆနေတဲ့ခေတ်ကြီးမှာ Izaki ဟာ ဒီအချက်ကိုလုံးဝနားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့တော့ Miyabeရဲ့ အသက်ရှင်လျက်အိမ်ပြန်နိုင်အောင်ကြိုးစားရတဲ့ရည်ရွယ်ချက်ကို သိပြီးနောက်မှာတော့ Izakiဟာ အမြင်ပြောင်းလဲလာခဲ့ပြီး၊ ယနေ့အထိ အသက်ရှင်လျက်နေထိုင်နိုင်ခဲ့တာလည်း ဆရာဖြစ်သူ Miyabeရဲ့ ကျေးဇူးကြောင့်လို့ လှိုက်လှိုက်လဲလဲပြောပြခဲ့ပါတယ်။ မမျှော်လင့်ပဲ ဒီလိုကောင်းသတင်းကြားလိုက်ရတော့ Kentaro တို့မောင်နှမနှစ်ယောက်အတွက် ဒီလိုစိတ်ထားမျိုးနဲ့ Miyabe ဟာ ဘာဖြစ်လို့ ခါမိခါဇဲအဖြစ်နဲ့ သေပွဲဝင်သွားခဲ့သလဲဆိုတာ ပိုပြီးနားမလည်နိုင်ဖြစ်လာကြပါတယ်။
နောက်ဆက်လက်ပြီးတွေ့ဆုံဖြစ်ခဲ့သူတစ်ယောက်ကတော့ Miyabeရဲ့ စစ်ကာလအတွင်းကတပည့်ဖြစ်ခဲ့သူတစ်ယောက်ဖြစ်ပြီး၊ အဲဒီမှာ Miyabeဟာ ခါမိခါဇဲအဖြစ် အသေခံတိုက်ခိုက်ရမယ့် လူငယ်လေယာဉ်မှုးလောင်းလျာတွေကို သင်ကြားပြသပေးရတဲ့တာဝန်ယူခဲ့ရကြောင်း သိလိုက်ရပါတယ်။ စစ်ကြီးပြီးဆုံးခါနီးမှာ အခြေအနေမဟန်တဲ့ ဂျပန်ဘက်ကနေ ခါမိခါဇဲအသေခံတပ်သားတွေစေလွှတ်ဖို့ဆုံးဖြတ်လိုက်ပြီးနောက် ကျောင်းသားအရွယ်တွေကို အသေခံလေသူရဲတွေအဖြစ် လေ့ကျင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Kentaro အတွက် သူသိချင်တဲ့ အဖိုးဖြစ်သူရဲ့နိဂုံးအကြောင်းကို အဖြေရှာမရခဲ့ပါဘူး။ တစ်နေ့ သူငယ်ချင်းတွေနဲ့ ခါမိခါဇဲတိုက်ခိုက်မှုတွေအကြောင်းပြောရင်း ရန်ထဖြစ်ကြပြီးနောက် Kentaro ဟာ ယာကူဇာအဖိုးကြီးဆီ တစ်ဖန်ပြန်သွားပြီး၊ မေးမြန်းခဲ့ပါတယ်။ အစက Miyabe ရဲ့ ခါးသီးတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့တဲ့ အဖိုးကြီးဟာ စစ်ကြီးပြီးခါနီး ခါမိခါဇဲစစ်ဆင်ရေးတပ်မှာ Miyabe နဲ့ ပြန်လည်တွေ့ဆုံတော့ လုံးဝတခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့အကြောင်း ပြန်လည်အမှတ်ရပြောပြခဲ့ပါတယ်။ သူတို့လိုဝါရင့်လေယာဉ်မှုးတွေက ခါမိခါဇဲအဖြစ်စေလွှတ်ခံရတဲ့လူငယ်လေယာဉ်မှူးတွေကို ဘေးကနေလိုက်ပါစောင့်ရှောက်ရတာဖြစ်ပြီး၊ တစ်နေ့တစ်ခြားနည်းပညာမြင့်မားလာတဲ့ မဟာမိတ်စစ်သဘောၤတွေဟာ အနားကပ်လာသမျှ ခါမိခါဇဲလေယာဉ်အားလုံးနီးပါးကို ပစ်ချနိုင်ခဲ့တာမို့ သူတို့တွေဟာ ငယ်ရွယ်တဲ့အသက်ပေါင်းများစွာ မလိုအပ်ပဲစတေးခံနေရမှုတွေကို နေ့စဉ်မြင်နေခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ Miyabeတစ်ယောက် ကိုယ်တိုင်လိုလိုလားလား ခါမိခါဇဲအဖြစ် စာရင်းပေးခဲ့ပါတယ်။ စစ်ဆင်ရေးနေ့မှာတော့ Miyabe ဟာ သူ့ရဲ့ အရင်ဇီးရီုးတိုက်လေယာဉ်မော်ဒယ်ဟောင်းနဲ့ မောင်းချင်တယ်ဆိုပြီး၊ သူ့လေယာဉ်ကို တခြားတစ်ယောက်နဲ့လဲခဲ့ကြောင်း ပြောပြပါတယ်။ ဖြစ်ချင်တော့ လဲပေးလိုက်တဲ့လေယာဉ်မှုးဟာ စက်ချို့ယွင်းပြီး၊ အရေးပေါ်ဆင်းသက်လိုက်ရလို့ ခါမိခါဇဲအဖြစ်မတိုက်လိုက်ရကြောင်း သိလိုက်ရတဲ့အခါမှာတော့ Kentaro တစ်ယောက် အဖိုးဖြစ်သူရဲ့ ကံဆိုးမှုကို မယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်ပဲ ကံဆိုးမှုပဲလား။ အသက်ရှင်လျက်အိမ်ပြန်နိုင်ဖို့အတွက် မာနနဲ့ ဂုဏ်သိက္ခာတို့နဲ့လဲပြီး ဦးစားပေးခဲ့တဲ့ Miyabe ဟာ ဘာဖြစ်လို့ ဒီလို မလိုအပ်ပဲ အသေခံတိုက်ခိုက်မှုကို မိုက်ရူးရဲဆန်စွာပြုလုပ်ခဲ့တာလဲ။ နောက်ဆုံးမှာတော့ မဟာမိတ်သဘောၤတစ်စီးဆီကို အောင်မြင်စွာနဲ့ချဉ်းကပ်နိုင်ခဲ့ပြီး၊ ဝင်တိုက်ခါနီးအခိုက်အတန့်မှာ စိတ်ကျေနပ်တဲ့အသွင်နဲ့ Miyabe ကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီလို ဒုတိယကမ္ဘာစစ်နောက်ခံ စစ်ကားမျိုးဟာ ဂျပန်ရုပ်ရှင်ဇာတ်လမ်းဖန်တီးသူများအနေနဲ့ အတော်ကလေးလက်ရှောင်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ သူတို့သမိုင်းရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တစ်ခုဖြစ်တဲ့အပြင် ဒီခေတ်ကိုပြန်လည်သရုပ်ဖော်ပြမှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ Imperial ဖက်ဆစ်စစ်ဝါဒကို ပြန်ဖော်ထုတ်သလို ဖြစ်မှာစိုးလို့ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Yamazaki ရဲ့ ဒီဇာတ်ကားမှာ ကြေကွဲဖွယ် မလိုလားအပ်တဲ့ အသက်သေဆုံးမှုများစွာနဲ့စစ်ရဲ့ဆိုးရွားမှုအနိဌာရုံတွေကို ရိုက်ပြထားပေမယ့် တစ်ဖက်မှာလည်း အောက်ခြေစစ်သားများရဲ့ လူသားဆန်မှု နဲ့ တိုက်ပွဲဝင်လေသူရဲများရဲ့ ဂုဏ်ကိုဖော်ကျူးထားတဲ့အတွက် ဇာတိမာန်လှုံ့ဆော်တဲ့ Nationalism(အမျိုးသားရေး) ဇာတ်ကားတစ်ကားအဖြစ် မြင်ကြတာမျိုးတွေရှိကြပါတယ်။ အထူးသဖြင့် ဇာတ်ကားရဲ့ ကြေကွဲဖွယ်ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ Miyabe နဲ့ သူ့ရဲ့တပည့်ဖြစ်သူတို့ကြားက နောက်ဆုံးစကားပြောဖြစ်ကြတဲ့အခန်းမှာ Miyabeကနေ လူငယ်တွေဟာ ဒီလိုရူးမိုက်တဲ့စစ်အတွက်အသက်ပေးဖို့ မလိုအပ်ပဲ အနာဂတ်ဂျပန်ကိုပြန်လည်တည်ဆောက်ဖို့လိုအပ်တဲ့အင်အားတစ်ရပ်လို့ဆိုခဲ့ပြီး၊ ဒီအချက်ကပဲ စိတ်ဓာတ်ကျဆင်းနေတဲ့ယနေ့ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ မြေးဖြစ်သူ Kentaro ကို တိုင်းပြည်အတွက်တာဝန်ထမ်းချင်စိတ်တွေပေါ်ပေါက်လာအောင် တွန်းအားဖြစ်စေခဲ့ပုံကို ရိုက်ပြထားပါတယ်။
ပြီးတော့ ဒီဇာတ်ကားမှာ ခါမိခါဇဲနဲ့ပတ်သတ်တဲ့ အမြင်တွေကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဥပမာ Kentaro ရဲ့ သူငယ်ချင်းခေတ်လူငယ်တွေက ခါမိခါဇဲကို ယနေ့ခေတ်အသေခံဗုံးခွဲအကြမ်းဖက်သမားတွေနဲ့ နှိုင်းယှဉ်တဲ့အခါ Kentaroက ကာကွယ်ပြောဆိုပြီး ရန်ထဖြစ်တဲ့ ဇာတ်ဝင်ခန်းပါပါတယ်။ ဒီဇာတ်ကားအရှေ့ပိုင်းတွေမှာ စစ်ဝါဒကို အပြစ်တင်ပြီး၊ စစ်ရဲ့ဆိုးရွားမှုတွေ၊ ခါမိခါဇဲစစ်ဆင်ရေးကြောင့် အသက်ပေါင်းများစွာ အလဟဿဆုံးရှုံးရမှုတွေကို ပြသထားပေမယ့် Kentaro ရဲ့ ဒီလိုကာကွယ်ပြောဆိုပုံအခန်းတွေ၊ ပြီးတော့ Miyabe ရဲ့ နောက်ဆုံး ဂုဏ်ရှိရှိနဲ့ သေပွဲဝင်သွားတဲ့ပုံစံမျိုး ရိုက်ပြထားလို့ ခါမိခါဇဲနဲ့စစ်ဝါဒကို ချီးကျူးဂုဏ်တင်သလိုဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ ပြည်ပကဝေဖန်ရေးသမားတွေအသာထား၊ ပြည်တွင်းမှာလည်း စစ်ဆန့်ကျင်ရေးဝါဒီတွေက ဒီဇာတ်ကားကို တော်တော်ရှုံ့ချကြပါတယ်။ နာမည်ကျော် Ghibli ဇာတ်ကားတွေရဲ့ ဖန်တီးရှင်ကြီး Miyazaki Hayao ကလည်း မုသားတွေနဲ့ အလှဆင်ထားတဲ့ ဇာတ်ကားဆိုပြီး၊ ဝေဖန်ထားပါတယ်။ လေယာဉ်တွေကိုအရမ်းစွဲလန်းသဘောကျတဲ့ Miyazaki ဟာ သူ့ရဲ့ The Wind Rises ဇာတ်ကားမှာ ဇီးရီုးတိုက်လေယာဉ်အကြာင်း ထည့်သွင်းရိုက်ကူးထားပေမယ့် စစ်နဲ့ပတ်သတ်သမျှကို ထည့်သွင်းရိုက်ကူးလေ့မရှိပါဘူး။ Yamazaki ကတော့ စစ်ရဲ့ရက်စက်မှုကို ပြတဲ့ ဒီဇာတ်ကားကို ဘာလို့စစ်အားပေးဇာတ်ကားအဖြစ် မြင်ကြလဲနားမလည်နိုင်ဘူးလို့ ပြန်တုံ့ပြန်ထားပါတယ်။ Miyabe ရဲ့ နောက်ဆုံးခါမိခါဇဲဇာတ်ဝင်ခန်းကတော့ ခါမိခါဇဲရဲ့ဂုဏ်ကို ညွှန်ပြချင်တာလား ဒါမှမဟုတ် သူ့ဘဝမှာအရေးကြီးဆုံး ဆုံးဖြတ်ချက်အတွက် ကျေနပ်မှုကို ပြသချင်တာလားဆိုတာတော့ ကြည့်ရှုသူတွေရဲ့ ကိုယ်ပိုင်ဖွင့်ဆိုချက်အပေါ်မူတည်တယ်လို့ပဲ ဆိုရမှာပါ။
% buffered
00:00
-00:11
Download
Your browser does not support the video tag.
ဇာတ်ကားရိုက်ကူးထားပုံ၊ နည်းပညာရှုထောင့်ကကြည့်ရင်တော့ အာရှဇာတ်ကားတစ်ကားအတွက် အတော်ကလေးအဆင့်အတန်းမြင့်တယ်ဆိုရမှာပါပဲ။ ဒုတိယကမ္ဘာစစ်ခေတ် တိုက်လေယာဉ်တွေ နဲ့ လေယာဉ်တင်သဘောၤကြီးတွေပုံစံ ပြန်လည်သရုပ်ဖော်ထားတာက အတိအကျကြီးမဟုတ်ရင်တောင် အတော်ကလေးနီးစပ်ပြီး၊ ပီပြင်တာတွေ့ရပါတယ်။ ပြီးတော့ ဇာတ်ကားရဲ့မိနစ်အတော်များများဖြစ်တဲ့ ဝေဟင်တိုက်ပွဲ Dogfight တွေကို ဖန်တီးရိုက်ကူထားတာလည်း တော်တော်လေးမိုက်ပါတယ်။
Miyabe Kyuzo အဖြစ် နာမည်ကျော်မင်းသား Okada Junichi(Library War) က သရုပ်ဆောင်ထားပြီး၊ ဒီနေရာကိုသရုပ်ဆောင်ဖို့ သူ့ထက်ပိုလိုက်ဖက်တဲ့ သရုပ်ဆောင်မရှိတော့ဘူးလို့ပဲ ဆိုရမှာပါ။ မင်းသမီးချော Inoue Mao ( ဂျပန် F4 မင်းသမီး ) ကတော့ Miyabe ရဲ့ ဇနီးဖြစ်သူ Matsuno အဖြစ် ပါဝင်ထားပြီး၊ ခါတိုင်းတွေ့နေကျပုံစံနဲ့မတူပဲ ရင့်ကျက်တဲ့အသွင်နဲ့တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ Lead role တွေထဲက တစ်ယောက်ဖြစ်တဲ့ အကျော်အမော် Miura Haruma(Attack on Titan) ကိုတော့ အဖိုးဖြစ်သူအကြောင်း လိုက်လံမေးမြန်းတဲ့ Kentaro အဖြစ် တွေ့ရမှာဖြစ်ပြီး၊ လုပ်ကွက်ပဲမရလို့လားမသိ ၊ တစ်ကားလုံး ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတဲ့ပုံပဲ သရုပ်ဆောင်သွားပါတယ်။ Sometani Shota(Parasyte)ကတော့ Kentaro တို့ရဲ့လက်ရှိအဖိုးဖြစ်သူနဲ့ Miyabe ရဲ့ တပည့် Kenichiroအငယ်ဘဝအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
The Eternal Zero ဇာတ်ကားကတော့ အမေရိကန်စစ်ကားတွေထဲကရက်စက်တဲ့ဖက်ဆစ်ဂျပန်စစ်သားတွေနဲ့ ရင်းနှီးနေတဲ့ ကျွန်တော်တို့အတွက် သူလိုကိုယ်လိုပဲ လူသားတွေဖြစ်တဲ့ ဂျပန်လေသူရဲတွေကို အမြင်တစ်မျိုးနဲ့ တွေ့မြင်ကြရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမျိုးကြောင့် ဖက်ဆစ်စနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေက ကွယ်ပျောက်သွားမှာမဟုတ်သလို သမိုင်းရဲ့အကြီးမားဆုံးအမှားတစ်ရပ်ဖြစ်တဲ့စစ်ပွဲကြီးကြောင့် အများကြီးစွန့်လွှတ်စတေးခဲ့ရတဲ့မျိုးဆက်တစ်ခုအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်အနေနဲ့ ပြန်လည်သရုပ်ဖော်ပြမှုကို ပိတ်ပင်ခွင့်မရှိပါဘူး။ စစ်မှာ လူကောင်းဖက်ခြမ်းရယ်လို့မရှိပေမယ့် စစ်ကားတွေထဲမှာတော့ ဒီလိုဘက်မကွဲတဲ့ဇာတ်ကားတွေကတော့ ရှားပါးနေဆဲပါ။ သို့သော်ငြား ဒီ The Eternal Zero ဇာတ်ကားကို ကြည့်ရှုတဲ့အခိုက်အတန့်မှာတော့ လူမျိုး၊နိုင်ငံစွဲတစ်ခုကို ခဏဖယ်ထုတ်ထားလိုက်ပြီး၊ လူသားဆန်တဲ့ ရသမြောက်ဒရာမဇာတ်ကားတစ်ကားအဖြစ် သဘောထားကြည့်ရှုနိုင်ခဲ့ရင်တော့ သင့်ဆီမှာ အခြားသူများနဲ့ မတူညီတဲ့ အမြင်တစ်ခု ကျန်ရှိကောင်းကျန်ရှိခဲ့ပါလိမ့်မယ်။